တနေ့တနေ့ အသေးအဖွဲကိစ္စတွေနဲ့ပဲ အချိန်ကုန်။
မပိတ်ဘဲ မှိတ်မှိတ်သွားတဲ့မီးတိုင်ကို
လင်းအောင်ပြန်လုပ်ရတာက အကြိမ်တရာမက
“ငါဘာကောင်လဲ” လို့ စဉ်းစားအဖြေထုတ်တာက
အကြိမ်တသောင်းမက …
လူတယောက်အသက်ရှင်နေတဲ့ရက်တွေမှာ
ထပ်ခါထပ်ခါ လုပ်နေရတဲ့အလုပ်တွေက
အသက်ရှင်သန်ဖို့အတွက် တကယ်လိုအပ်တာလား …
ထမင်းစားရေသောက်ကိစ္စတွေလောက်အတွက်သာ
နေ့တဓူဝအသက်ရှင်သန်ခဲ့ကြရင်
ဒီကဗျာကို ဒီ VAIO ပေါ်မှာ ရေးဖွဲ့ဖို့တောင် အခွင့်ရမှာမဟုတ်။
ဒါနဲ့ပဲ ဒီကဗျာက မုန်းချင်းဖွဲ့ကဗျာတပုဒ်ထက် ဘာမှပိုမထူးလာ။
ဟော … မှိတ်သွားပြီ …
ဟော … လင်းလာပြီ …
ဟော … မှိတ်သွားပြန်ပြီ …
ဟော … ပြန်လင်းလာပြန်ပြီ …
မှိတ်လိုက် လင်းလိုက် လူ့ဘ၀ …
ဒီစက္ကန့်တွေကြားထဲမှာပဲ
ချစ်တဲ့ညီက မကြာခင်မှာ “ငါဟဲ့ အိုဘဲ့ယောက်ျား” လို့
ကြွေးကျော်ဖို့အချိန် ရောက်လာတော့မယ် …
ချစ်တဲ့သူငယ်ချင်းတယောက်က
အဲဒီမြို့လေးမှာ …
ကိုယ်တွေကို မသိတာတွေ မြင်အောင်လုပ်ပေးခဲ့တဲ့၊
အဲဒီမြို့လေးမှာ …
ကိုယ်တွေကို ဖွယ်ဖွယ်ရာရာ ရှာရှာဖွေဖွေ သိစေခဲ့တဲ့။
အဲဒီမြို့လေးမှာ …
ကိုယ်တွေကို တသက်စာရှာမတွေ့နိုင်မယ့်တရားတွေပြခဲ့တဲ့၊
ကိုယ်ချစ်နေဆဲ ပင်လယ်ဓားပြကြီးတယောက်က
Bond အခွေကြည့်ပြီး အတွေးသစ်ရ ကဗျာဖွဲ့။
ကဗျာကောင်းကောင်းမဖွဲ့တတ်တဲ့လူကလဲ
ဖွဲ့တတ်ချင်ယောင်ဆောင် …
စာကောင်းကောင်းမရေးတတ်သူကလဲ
ရေးတတ်ချင်ယောင်ဆောင် …
ပန်းချီကောင်းကောင်းမဆွဲတတ်သူကလဲ
ဆွဲတတ်ချင်ယောင်ဆောင် …
သီချင်းကောင်းကောင်းမဆိုတတ်သူကလဲ
ဆိုတတ်ချင်ယောင်ဆောင် …
အချစ်ကောင်းကောင်းမချစ်တတ်သူကလဲ
ချစ်တတ်ချင်ယောင်ဆောင် …
အဆောင်အယောင်နဲ့
အယောင်ဆောင်တာတွေကိုပဲ
တမ်းတမ်းစွဲဖြစ်နေတဲ့ကမ္ဘာ …
အပြင်မှာမိုးရွာနေတယ် …
ချစ်သူက မအားဘူး …
အ၀တ်လျှော်စက်က အသံအရမ်းမြည်တယ် …
မနက်ဖြန် ဆေးသွားယူရမယ် …
ဘီယာခွက်ထဲမှာ ဘီယာကုန်သွားပြီ …
နာရီက ၈ ချက်မြည်တယ် …
အိမ်ကိုဖုန်းခေါ်ရမယ် …
မေမေနဲ့စကားပြောရမယ် …
ကံကောင်းရင် ဖေဖေနဲ့လည်းပြောရမယ် …
ညီမလေးနဲ့စကားပြောရမယ် …
ညီမလေးရဲ့သမီးနဲ့ စကားပြောရမယ် …
အသေးအဖွဲတွေကိုညည်းငွေ့ရင်း
စရေးဖြစ်တဲ့ကဗျာ …
အသေးအဖွဲတွေကိုချီးမြှောက်ရင်း
အဆုံးသတ်ပါတယ်။ ။
Sunday, March 29, 2009
Thursday, March 19, 2009
အဟောင်းများ (တစ်)
ဒီဘလော့ဂ်ကို တဲခနိကပိုင်း အဓိကစလုပ်ပေးခဲ့တဲ့ ညီတော်မောင်က ပြောလာတယ်။ ဘာအသစ်မှမတင်ဘဲ ဒီလောက် ကြာကြာနေတာ မကောင်းဘူးတဲ့၊ အတိုလေးပဲဖြစ်ဖြစ် တင်သင့်တယ်တဲ့။ ကိုယ်ကလည်း တခုခုတင်ဖို့ စိတ်ကူးပေါ်လာလိုက်၊ ဆုံးအောင် မရေးဖြစ် တာနဲ့ပဲ မတင်ဖြစ်လိုက်၊ ကိုယ့်ကိုယ်ကို မကျေမနပ်ဖြစ်ပြီး နောက်တရက် ရောက်သွားလိုက်နဲ့၊ ဒီနေ့တော့ အသစ်မတင်ဖြစ်ရင်တောင် ရေးထားခဲ့ဖူးပြီးသား အဟောင်းလေးတွေ ပြန်တင်ရင်လည်း မဆိုးပါဘူးဆိုပြီး ဘလော့ဂ်လေးကို သေချာကြည့်လိုက်တော့မှ နောက်ဆုံး တင်ခဲ့တဲ့ ပို့စ်ကနေဆိုရင် တလကျော်တောင် ကြာသွားတာပဲ။ ရှက်လိုက်တာဆိုတာ။ စတုန်းကတော့ မိုးလားကဲလား၊ မီးကိုစတွေ့ခဲ့တဲ့ ကမ္ဘာဦးလူသားလို … တော်ပါသေးတယ်လေ၊ ဒီဘလော့ဂ်လုပ်နေတယ်ဆိုတာ လူအများကြီး မသိသေးလို့။
အခုလည်း နဂို စိတ်ကူးအတိုင်းပါပဲ။ အသစ်မရေးဖြစ်သေးတဲ့အတူတူ အဟောင်းပဲ တင်လိုက် ပါတယ်။ ၂၀၀၇ တုန်းကဆိုတော့ သိပ်အဟောင်းကြီးတော့လည်း မဟုတ်သေးပါဘူး။ အဟောင်းတွေတင်မယ်ဆိုတော့လည်း ကဗျာကိုပဲ အရင်တင်ချင်ပြန်တယ်။ ဒါနဲ့ ရေးထားပြီးသား ကဗျာတွေထဲက စကာတင်လိုက်ရွေးတော့ ကြိုက်တာ တခုမှကို မတွေ့ဘူး။ ကိုယ်ရေးတဲ့အချိန်က ဖတ်ခဲ့ရတဲ့ပရိသတ်တွေကို အားတောင်နားမိတယ်၊ ကိုယ့်ဟာကိုယ် လည်း ရှက်စိတ်ဝင်မိတယ်။ နောက်တော့ ဘယ်မှာပါထားဖူးပြီးသားဆိုတဲ့ အောက်ခြေမှတ်စု မပါတဲ့ ကဗျာတပုဒ်ကို သွားတွေ့တယ်။ ၂၀၀၇ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့က ရေးခဲ့တဲ့ကဗျာ။
မိဘဆိုတာ ကိုယ့်သားသမီးကို ကောင်းကောင်း ဆိုးဆိုး ကျိုးကျိုး ကန်းကန်း ချစ်တာပဲတဲ့။ ကိုယ်ရေးခဲ့တာပဲ၊ ခုချိန်မှာ ကြိုက်ကြိုက် မကြိုက်ကြိုက် ကိုယ်ရေးခဲ့တယ်ဆိုတာကိုတော့ လက်ခံရမှာပဲ။ လာတဲ့သူတွေကို အကောင်းစားလေးတွေနဲ့ ဧည့်မခံနိုင်တဲ့အတွက်တော့ ၀မ်းနည်းပါတယ်။
ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ ကျေနပ်စရာတခုရပါတယ်။
ဘလော့ဂ်မှာ ပို့စ်အသစ် တင်နိုင်လို့ပါ။

“လောက ကောင်းကင် ပင်လယ် ချစ်ခြင်း”
• ချစ်တယ် … သိပ်ချစ်တယ် …
လောကဟာ ချစ်စရာကွဲ့
သိပ်ကိုချစ်တယ်။
• အဲဒီလိုနဲ့ပဲ …
မနူးမနပ်ကောင်လေးတယောက်
ချစ်ခြင်းရဲ့အနုပညာကို
ရှာဖွေခဲ့သတဲ့ကွယ်။
• တခါတခါ ကောင်းကင်ဟာ ပြာ
တခါတခါ မပြာ့တပြာ
တခါတခါကျတော့
မွဲပြာ။
• မဟုတ်သေးဘူးဗျာ
ခင်ဗျားဟာ ကျနော့်အပေါ်မှာရှိတာ
ပြာမယ်ဆိုပြာ ၀ါမယ်ဆိုဝါ
မပြာ့တပြာ မ၀ါ့တ၀ါ
ခင်ဗျား မဟုတ်က ဟုတ်က မလုပ်ပါနဲ့ဗျာ။
• တခါတလေကျ ပင်လယ်က နုရွ
တခါတလေကျတော့ ထကြွ
ဆူနာမီတဲ့ နားမလည်နိုင်စရာ
ပင်လယ်ပြာ။
• မဟုတ်သေးဘူးဗျာ
ခင်ဗျားဟာ ပင်လယ်ပါ
ကျယ်ပြောကာ လှပတာ
ဘာကြောင့် ခုလိုရက်စက်
ခင်ဗျားမို့ လုပ်ရက်လေတာ။
• ချစ်တယ် … သိပ်ချစ်တယ် …
လောကဟာချစ်စရာကွဲ့
သိပ်ကိုချစ်တယ်။
• ဒီလိုနဲ့ပဲ
မနူးမနပ်ကောင်လေးတယောက်
ချစ်ခြင်းရဲ့အနုပညာကိုရှာဖွေရင်း
မိုးလင်းခဲ့သတဲ့ကွယ်။ ။
ဒီကဗျာကို ရေးခဲ့တဲ့အချိန်က ဘယ်လို လှုံ့ဆော်မှုနဲ့ရေးဖြစ်ခဲ့တယ်ဆိုတာကို ပြန်စဉ်းစားကြည့် တော့ စဉ်းစားလို့ကို မရတော့ဘူး။ အင်းလေ … အဲဒီလှုံ့ဆော်မှုဆိုတာကလဲ တကယ့်အစစ် ဟုတ်ချင်မှ ဟုတ်မှာကိုး။လောကဟာ ချစ်စရာကွဲ့
သိပ်ကိုချစ်တယ်။
• အဲဒီလိုနဲ့ပဲ …
မနူးမနပ်ကောင်လေးတယောက်
ချစ်ခြင်းရဲ့အနုပညာကို
ရှာဖွေခဲ့သတဲ့ကွယ်။
• တခါတခါ ကောင်းကင်ဟာ ပြာ
တခါတခါ မပြာ့တပြာ
တခါတခါကျတော့
မွဲပြာ။
• မဟုတ်သေးဘူးဗျာ
ခင်ဗျားဟာ ကျနော့်အပေါ်မှာရှိတာ
ပြာမယ်ဆိုပြာ ၀ါမယ်ဆိုဝါ
မပြာ့တပြာ မ၀ါ့တ၀ါ
ခင်ဗျား မဟုတ်က ဟုတ်က မလုပ်ပါနဲ့ဗျာ။
• တခါတလေကျ ပင်လယ်က နုရွ
တခါတလေကျတော့ ထကြွ
ဆူနာမီတဲ့ နားမလည်နိုင်စရာ
ပင်လယ်ပြာ။
• မဟုတ်သေးဘူးဗျာ
ခင်ဗျားဟာ ပင်လယ်ပါ
ကျယ်ပြောကာ လှပတာ
ဘာကြောင့် ခုလိုရက်စက်
ခင်ဗျားမို့ လုပ်ရက်လေတာ။
• ချစ်တယ် … သိပ်ချစ်တယ် …
လောကဟာချစ်စရာကွဲ့
သိပ်ကိုချစ်တယ်။
• ဒီလိုနဲ့ပဲ
မနူးမနပ်ကောင်လေးတယောက်
ချစ်ခြင်းရဲ့အနုပညာကိုရှာဖွေရင်း
မိုးလင်းခဲ့သတဲ့ကွယ်။ ။
ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ ကျေနပ်စရာတခုရပါတယ်။
ဘလော့ဂ်မှာ ပို့စ်အသစ် တင်နိုင်လို့ပါ။
Friday, February 13, 2009
ဒီးယား ဗိုလ်ချုပ် (တစ်)
သို့
ဗိုလ်ချုပ်အောင်ဆန်း
၆၁၀၀ ဟေဗန်ဗေးနီးယား အဲဗန်းနျူး
သည် စီးတီး၊ သည် ကန်းထရီး
၂၁၃၁၉၁၅
မှ
မှန်ကူကွက်
အမှတ်နဲ့လမ်း၊ ညောင်ပင်ကြီးရှေ့
သူကြီးဘတုတ်ရွာ
ရက်စွဲ။ ။ ၁၃ ဖေဖော်ဝါရီ ၂၀၀၉
ဒီးယား ဗိုလ်ချုပ် …
ဟဲ ဟဲ အင်္ဂလိပ်ကိုတိုက်ချင်ရင် အင်္ဂလိပ်စာတတ်အောင် သင်ရမယ်လို့ ဗိုလ်ချုပ်ပြောဖူးတယ် ဆိုလား ကျနော် ကြားဖူးတာနဲ့ ဗိုလ်ချုပ်ကို ဘိုလို စ နှုတ်ဆက်လိုက်တာ။ နောက်ထပ် တခုရှိသေးတယ်။ ဟက်ပီး ဘတ်ဒေး ဒီးယား ဗိုလ်ချုပ်။ ဒီကောင် အတော် ကျွန်စော်နံနေပါ လားဆိုပြီး စိတ်ပေါက်လို့ တုတ်ကောက်နဲ့ ထနှက်ရင်လည်း ခပ်သွက်သွက်ရှောင်ရမှာပဲ။ ကိစ္စတော့ မရှိပါဘူး။ ဗိုလ်ချုပ်က ၉၄ နှစ်ဆိုတော့ မသွက်မှ မသွက်နိုင်တော့ဘဲ။
ကျနော်ကမှ မွေးနေ့ဆုတောင်းလေး ပြောဖော်ရတာကိုတော့ ကျေးဇူးတင်။ လောကကြီးထဲ ကျေးဇူးကန်းတဲ့လူတွေ အသင်္ချေကြားထဲမှာ ကျနော့်လိုလူမျိုးက ခပ်ရှားရှား။ အင်္ဂလိပ်စကား ပြောတာနဲ့တော့ ကျွန်စော်နံတယ်မလုပ်နဲ့နော် ဗိုလ်ချုပ်၊ အခုဟာ ဂလိုဘယ်လိုက်ဇေးရှင်း ခေတ် …………… ဗျ။ ဂလိုဘယ်ဖြစ်ဖို့က ဂလိုဘယ်လန်းဂွေ့လေးတခုတော့ လုပ်ထားမှ၊ ဗိုလ်ချုပ်က ဒါတွေသိမှာပါ လေ၊ ကျနော် ဒဲ့ကြီးလုပ်လိုက်လို့ နည်းနည်းတော့ ဖုသွားတာ မလား။
ဗိုလ်ချုပ်ကလဲဗျာ၊ သွားလိုက်တာများ တခါမှ ပေါ်မလာတော့ဘူး။ လူပျက်တွေပြောသလို ပြောရမလိုဖြစ်နေပြီ။ “ငါ့ဘကြီးကွာ၊ သေသွားတာ ဘာသတင်းမှကို မကြားရတော့ဘူး” ဆိုတာလေ။ သတင်းလေးဘာလေးများ မေးလှည့်၊ ပြောလှည့်ပါဦးတော့လား ဗိုလ်ချုပ်ရာ။ နေနိုင်လိုက်တာဆိုတာ။ ဗိုလ်ချုပ်ပြောတော့ ကျနော့်ကို ချစ်လှချည်ရဲ့ဆို။ ခုတော့လည်း နေနိုင်လိုက်တာဗျာ၊ စိတ်တောင်နာတယ်။ သိပ်မအားမလပ်ဖြစ်နေရင်လည်း လူကြုံနဲ့ဖြစ်ဖြစ် မေးလို့ရပါတယ်ဗျာ၊ နည်းနည်းပါးပါးတော့ မေးဦးမှပေါ့။
တခုတော့ရှိပါတယ်လေ၊ ဗိုလ်ချုပ်နေရာကလည်း လူကြုံရှားပါးဘိသနဲ့။ ဟို ဒေါက်တာ မာတင် လူသာကင်းကြီးဆိုလား၊ အဲဒီလူကြီးနဲ့ကျတော့လည်း ဝေးတာကိုး၊ ထားပါတော့လေ။ နောက် ကံကောင်းလို့ လူကြုံရောက်လာရင်သာ အမှာစကားလေးပါးဖို့ မမေ့ပါနဲ့ … နော။
ဗိုလ်ချုပ်နေရာက စာထည့်တော့လည်း မရောက်၊ ကျနော်ထည့်တဲ့စာတွေ အစောင်မနည်း တော့ဘူး။ ရေစစ္စရီလုပ်တာတွေတောင် ပါသေး။ ဗိုလ်ချုပ်က အိုးလ်ဒ်စကူးလ်ဆိုတော့ အင်တာနက်လေး အီးမေးလ်လေးလည်း မသုံးတတ်၊ တခုတော့ ရှိပါတယ်လေ၊ ဗိုလ်ချုပ် သုံးတတ်လည်း ကဖေးရှာရတာနဲ့၊ အိုကြီးအိုမဖြစ်မှ သွားရလာရတာနဲ့၊ ကွန်နက်ရှင်းကလည်း ကောင်းဦးမှ။ ဒါနဲ့ပဲ အီးမေးလ်လည်း ကျနော်ပို့လို့မရ။
အဲဒါကြောင့်ပေါ့ ဗိုလ်ချုပ်ကို ကျနော်မေးချင်တာတွေ တပုံတပင် ရင်နဲ့အပြည့်ကို ခုထိကို …… ….. မမေးရသေးဘူး၊ စိတ်ညစ်တယ်ဗျာ။
“မင်းကလည်း စကားကမစရသေးဘူး၊ စိတ်ညစ်တယ်ဆိုတာက စလာပြီ၊” မလုပ်နဲ့၊ တုတ်ကောက်နဲ့ရွယ်ဖို့လည်း မစဉ်းစားနဲ့၊ စိတ်လျှော့။ ဗိုလ်ချုပ်က အေးရာအေးကြောင်း သွားနေပြီးတော့။ အနည်းဆုံးတော့ ကျနော့်ကြီးဒေါ်တွေ ပြောပြောနေကြသလို အိပ်မက်လေးဘာလေး ပေးရင်လည်း ကောင်းရဲ့။ ခုတော့ ဗိုလ်ချုပ်ဟာက အိပ်မက် လည်းမပေး၊ စာလည်းမရေး၊ အီးမေးလည်းမပို့တဲ့အပြင် ဒီလောက်ကြာတဲ့အထိ မ၀င်စားတာ တော့လည်း မလွန်လွန်းဘူးလားဗျာ။ အခုမှ အဆက်အသွယ်လေးပြန်ရလာလို့ စာလေး တစောင် ပြန်ရေးခွင့်ရတာ။ ဒါတောင် ဒီစာက ပျောက်မလားမသိသေးဘူး။ ဒါပဲနော်၊ ဗိုလ်ချုပ် အိုကေတယ်ဆိုလို့ ကျနော်ရေးလိုက်တာ၊ မရောက်ဘူးလို့တော့ မလုပ်နဲ့။
လောလောဆယ်တော့ ကားရန့်အစ်ရှုးပဲ ဗိုလ်ချုပ်ကို မေးလိုက်ဦးမယ်။ ဗိုလ်ချုပ်ရေ ….. အန်စီယူဘီက စင်ပြိုင်အစိုးရတခု ထပ်ဖွဲ့မယ်ဆိုလား၊ လက်ရှိ စင်ပြိုင်အစိုးရကို ပြောင်းပြီး ဖွဲ့မယ်ဆိုလားပဲ ပြောနေသံကြားတယ်။ ဗိုလ်ချုပ် ဘယ်လိုသဘောရလဲ။ ထပ်ဖွဲ့တာပဲဖြစ်ဖြစ်၊ ပြောင်းဖွဲ့တာပဲဖြစ်ဖြစ်ပေါ့ဗျာ ….
ဗိုလ်ချုပ် ….. လျှိုတော့ မလျှိုနဲ့နော်၊ ကျနော်က နိုင်ငံရေး နားမလည်ဘူး၊ ခပ်ချာချာဆိုပြီး နှပ်ဖို့ တော့မကြံနဲ့။ ဗိုလ်ချုပ်က ဒါမျိုး မလုပ်ပါဘူး၊ ဟုတ်တယ်မလား။ စာမရဘူးဆိုပြီးတော့လည်း အပျောက်မရှင်းလိုက်နဲ့နော်။ ဒီစာက မရောက်စရာအကြောင်းမရှိဘူး။ ဗိုလ်ချုပ်ပြောတဲ့နည်း အတိုင်း ကျနော်ထည့်လိုက်တာ။ တံဆိပ်ခေါင်းလည်း ကပ်ပေးလိုက်တယ်။
အိုကေ ဗိုလ်ချုပ်ရေ။ ကျနော် စာရိုက်ရတာ ငြောင်းလာပြီ။ နောက်မှ ထပ်ရိုက်တော့မယ်။
အော် …. စောရီး စောရီး၊ မေ့တော့မလို့။ အန်တီစု နေကောင်းတယ် …… လို့ ပြောကြတယ်။ ဟို … မစ်စတာဂမ်ဘာရီကြီးသွားတုန်းကထွက်လာတဲ့ နောက်ဆုံးပုံတွေ တွေ့လိုက်ရတာပဲ။ ပိန်တော့ အတော်ပိန်သွားတယ်။ ဒါပေမယ့် ပိန်တာကောင်းပါတယ်။ ၀ရင် ရောဂါစုံ ၀င်နေဦး မယ်။ ကြည့်ရတာတော့ ကျန်းမာပုံပါပဲ။ “မင်းကလဲ ဘာမှကို သေသေချာချာမပြောဘူး၊” တော့ မလုပ်နဲ့ဦး ဗိုလ်ချုပ်ရေ။ အဲဒီ မစ်စတာဂမ်တောင် ကံကောင်းလို့ တွေ့ရတာ။ အခုဟာ အခြေအနေက ကျနော့်လိုကောင်မျိုး အနားကပ်ဖို့ဆိုတာ အိပ်မက်ပဲ။ ဗိုလ်ချုပ်ကလည်း ကျနော့်ကို စပယ်ရှယ်ပါဝါတို့၊ အမွေစားအမွေခံတို့ ကြေညာထားတာမဟုတ်ဘူး။ ကျနော်တို့ ချင်း ဒီလောက်ရင်းတယ်ဆိုတာတောင် ဘယ်သူမှ သိတာမဟုတ်။ ဒီတော့ တွေ့ရသလောက်ပဲ ပြောနိုင်မယ်။ မကျေနပ်ရင်လည်း ကိုယ့်ဖာသာပဲ သွားကြည့်တော့၊ ဟုတ်တယ်။
ကျနော်သိတယ်၊ ဒီလောက်ပဲသိတာကို ဗိုလ်ချုပ်က စိတ်တိုမယ်ဆိုတာ။ ဟို … အယူခံကိစ္စ လည်း ဘာမှ ထပ်မထူးသေးဘူးလို့ပြောတယ်။ ဦးကြည်ဝင်းတို့လည်း လုပ်နေတာပဲ …
အော် … နောက်ဆုံးသတင်းတွေ ကျန်သွားဦးမလို့။ ဦးတင်ဦးကို နောက်ထပ် တနှစ် သက်တမ်း တိုးလိုက်တယ်နော်။ ပြီးတော့ ………. ဟို လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဆိုလား၊ အဲဒီ လူကြီး မနက်ဖြန် မြန်မာပြည်သွားမယ်တဲ့။ အဲဒါတွေလည်း စဉ်းစားပေးထားဦး။ ကျနော် မေးစရာတွေ ပေါ်လာမှာ။ အိုကေ အိုကေ …. ငြောင်းပြီဆိုတာကနေတောင် အတော်များသွား ပြီ။
ဗိုလ်ချုပ် နေကောင်းပါစေ … ကျန်းမာပါစေ … မြန်မြန် ၀င်စားနိုင်ပါစေ … (အဲဒါတော့ ကျနော့် ကြီးဒေါ်ကြီးပြောလို့နော်)
ကျနော့်ဆီ စာပြန်နိုင်ပါစေ … လူကြုံမြန်မြန်ရှိပါစေ …
ဗိုလ်ချုပ် ချစ်တယ်လို့ပြောတဲ့ …
ကျနော်
ပီအက်။ ။ ကျနော် ဟိုးတခေါက်တုန်းက စန်ထရမ်ပို့လိုက်တာ ရသေးလား။ သောက်ရ တာရော အဆင်ပြေလား။ အဲဒီဆေးသောက်ပြီးမှ စားကောင်းသောက်ကောင်း ပိုဖြစ်သလား။ အခုမှပဲ မေးရတော့တယ်။

Wednesday, February 11, 2009
မေးခွန်းကြီးတခု
ခေါင်းထဲမှာ ဒီရက်ပိုင်း မေးခွန်းတခုက ထပ်ခါတလဲလဲ တံခါးလာခေါက်နေတယ်။ အန်စီဂျီယူဘီ၊ အန်စီယူဘီ၊ အမျိုးသားညီညွတ်ရေးလွှတ်တော်၊ အမျိုးသားညီညွတ်ရေးအစိုးရ စတဲ့အသံတွေ …
ညီညွတ်ကြပါ၊ ညီညွတ်ဖို့လိုပြီ၊ ညီညွတ်ရေး အရေးကြီးတယ်ဆိုတဲ့ အသံတွေ …
အမေရိကန်သမ္မတအသစ်ကလေးက စီးပွားရေး ပြန်ပြီးနာလံထူလာအောင်လုပ်မယ့် သူ့ရဲ့ အစီအစဉ်ကို ကွန်ဂရက်ကနေအတည်ပြုပေးဖို့ အပြင်းအထန်ကြိုးစားနေတာတွေ၊ လွှတ်တော် အမတ်တွေက ဘဏ်ကြီးတွေရဲ့ အမှုဆောင်အရာရှိကြီးတွေကို ခေါ်ပြီး မေးလိုက် မြန်းလိုက်၊ ကြိမ်းလိုက် မောင်းလိုက်၊ အစိုးရ၀န်ကြီးတွေကိုခေါ်ပြီး ကြိမ်းလိုက် မောင်းလိုက် လုပ်နေတာ တွေ …
ဒီကြားထဲမှာ မသေရုံတမယ် နိုင်ငံရေးအသက်လောက်ပဲ ကျန်တော့တဲ့သူတွေက ခါတော်မီ နိုင်ငံရေး စကားကြီးစကားကျယ်တွေ၊ ကိုယ်တိုင်က မတည်ဆောက်နိုင်ခဲ့တဲ့၊ တည်ဆောက်ဖို့ ဘယ်တုန်းကမှ အပြင်းအထန် အလေးအနက် မကြိုးစားခဲ့ဖူးတဲ့ “ညီညွတ်ရေး” ဆိုတာကို လျှာအရသာခံပြီး “နှိပ်ပလိုက်မယ်” ဆိုတဲ့ အတွင်းစိတ်အခံနဲ့ ရေးကြ၊ ပြောကြ၊ တွတ်ထိုးကြ တာတွေကလည်း တွေ့လာ ကြားလာရပြန်တယ်။
ဒါနဲ့ပဲ အဲဒီမေးခွန်းက အဆက်မပြတ် တံခါး လာလာခေါက်နေတော့တာပါပဲ။
မေးခွန်းက ဒီလိုပါ … “Are we ready to govern?” “ကျနော်တို့တွေ နိုင်ငံအုပ်ချုပ်ဖို့ အဆင်သင့်ဖြစ်ပါပြီလား။”
ဒီမေးခွန်းမှာ We လို့ သုံးလိုက်တဲ့အတွက် ဒီဘလော့ဂ်ပိုင်ရှင်ကိုယ်တိုင် အုပ်ချုပ်မှာလားလို့ တော့ ဒွိဟမပွားလိုက်ပါနဲ့။ ပမာပြု တင်စားထားတဲ့ မေးခွန်းပါ။
နိုင်ငံတခုကိုအုပ်ချုပ်ဖို့ အဆင်သင့်ဖြစ်ကြပါပြီလားခင်ဗျာ။ လူဦးရေ သန်း ၅၀ ပတ်ဝန်းကျင် ရှိတဲ့ နိုင်ငံလေးတခုကိုအုပ်ချုပ်ဖို့ အဆင်သင့်ဖြစ်ကြပါပြီလားခင်ဗျာ။
ကျနော်က နိုင်ငံလေးလို့ပြောလိုက်တော့ စိတ်နာကြမလားမပြောတတ်ဘူး။ တကယ်က မြန်မာ ပြည်ဆိုတာ နိုင်ငံငယ်လေးပါ။ အမေရိကန်ရဲ့ ပြည်နယ် ၅၀ ထဲမှာ လူဦးရေအများဆုံး ကာလီဖိုးနီးယားပြည်နယ်နဲ့ ပဉ္စမ လူဦးရေအများဆုံး အီလီနွိုင်းပြည်နယ် နှစ်ခုပေါင်းလူဦးရေ ပတ်ဝန်းကျင်လောက်ပဲရှိပါတယ်။ ၂၀၀၈ ခုနှစ် စာရင်းတွေအရပါ။
လက်ရှိ စစ်အစိုးရထက် သာမှာပါလိုတော့ မဖြေပါနဲ့။ မြန်မာနိုင်ငံ၊ မြန်မာလူထုဟာ ညံ့ဖျင်း နုံချာလှတဲ့ အခုစစ်အစိုးရဒဏ် ခံရပြီးတဲ့နောက် နောက်ထပ် ညံ့ဖျင်း နုံချာလှတဲ့ ဘယ်လို အစိုးရမျိုးကိုမှ၊ စစ်ပဲဖြစ်ဖြစ်၊ မစစ်ပဲဖြစ်ဖြစ်၊ မတတ်နိုင်တော့ပါဘူး။ လုံလောက်သည်ထက် ပိုလွန်းနေပါပြီ။
ဒီမေးခွန်းကို ဒီပို့စ်မှာ အဖြေရှာဖို့ မကြိုးစားသေးပါဘူး။ မေးခွန်းပဲ ထုတ်ပါရစေဦး။
“နိုင်ငံကိုအုပ်ချုပ်ဖို့ အဆင်သင့်ဖြစ်ကြပါပြီလားခင်ဗျာ။”

Tuesday, January 27, 2009
မဲပြာပုဆိုးများ လွယ်မှတ်လို့
တခါလာ မဲပြာပုဆိုးတွေချည်းပဲလို့
ယောဆရာကဆိုသဗျာ
ဒီအသံကြားတော့
ကိုယ်လည်း ကြောက်ပြာပြာဖြစ်လာ။
သူများပြောလို့ ပြာသည်လား
ကိုယ့်ဖာသာ နဂိုထဲက ပြာပြီးသားလားဆိုတာတော့
မသေချာ
ဒါလည်း ညှာညှာတာတာပြောတာပဲဖြစ်မှာ။
ဒါပေမယ့်ဗျာ
ကမ္ဘာကြီးကိုက မဲပြာပုဆိုးဖြစ်နေတာ
ကျနော်က ဘာများမို့လို့ ဒါကိုပြောင်းနိုင်မှာ
ပြောတဲ့ ယောဆရာ
မညှာမတာ ပြောရက်လိုက်လေတာ။
နုစဉ်ကတော့ ကမ္ဘာကို ခါးစောင်းတင်ပစ်ခဲ့ချင်တာ
ရင့်လာ ရင့်လာ ရင့်လာ …
ခါးနာ ခါးနာ ခါးနာ …
ကမ္ဘာကြီးဟာ ဆူးတွေနဲ့ဗျာ။
ကျနော့်အမေသာ ကန်းဆတ်စ်မှာမွေး
ကျနော့်အဖေက ကင်ညာမှာမွေး
ကျနော်က အမေရိကားမှာ မွေး
ဒီလိုသာဆို ကျနော်လည်း …
“Yes, We Can”, “Change is coming to Burmese Exile”
ဟားဟားဟား … ဟားဟားဟား …

Wednesday, January 21, 2009
အိုဘားမား
သူ သမ္မတဖြစ်ပြီ။
အားလုံးပျော်ကြသည်။
ကိုယ်လည်း ရောပျော်သည်။
တကယ်ကတော့ ဒီအပျော်က အတုဖြစ်သည်။
ချော်လဲရောထိုင် ပျော်ခြင်းဖြစ်သည်။
ကိုယ် အစစ်အမှန်ပျော်ချင်သည်။
ပျော်ခွင့်ရမည်လို့လည်း မျှော်လင့်သည်။
မျှော်လင့်ခြင်းပေါ်မှာ ကိုယ်ပိုပြီး ယုံကြည်လာပါသည်။

Saturday, January 17, 2009
မင်္ဂလာမရှိတဲ့ကဗျာ
တယောက်ထဲ မဟုတ်ပေမယ့်
အထီးကျန် …
မချစ်မနှစ်သက်သောသူတွေနဲ့
ဝေးနေရတာက မင်္ဂလာတပါးပါလေ။
ဒါပေမယ့် …
ချစ်ခင်နှစ်သက်သူတွေနဲ့ အတူမနေရတာက
မင်္ဂလာနဲ့ဝေးနေ။
အထီးကျန် …
မချစ်မနှစ်သက်သောသူတွေနဲ့
ဝေးနေရတာက မင်္ဂလာတပါးပါလေ။
ဒါပေမယ့် …
ချစ်ခင်နှစ်သက်သူတွေနဲ့ အတူမနေရတာက
မင်္ဂလာနဲ့ဝေးနေ။
Wednesday, January 7, 2009
မေမေ့ဆီက လာတဲ့စာ
ဒီကနေ့ မေ့ (ကိုယ်တို့မောင်နှမတွေအားလုံးက အမေကို “မေ”၊ အဖေကို “ဖေ” ဆိုပြီး တလုံးစီပဲခေါ်ကြတယ်။) ဆီက စာတစောင်ရတယ်။ စာအိတ်နဲ့၊ တံဆိပ်ခေါင်းနဲ့၊ စာတိုက်က လာတာတော့မဟုတ်ဘူး။ တသက်လုံး ဘယ်လိုမှ မေ့လို့ရစရာမရှိတဲ့ လက်ရေးနဲ့ စာရွက်ပေါ် မှာရေးထားတာကို Scan ဖတ်ပြီး ဦးလေးတယောက်က email နဲ့ ပို့ပေးလိုက်တာ။
မိုင်ပေါင်း သောင်းနဲ့ချီဝေးတဲ့နေရာကနေလာတဲ့ စာ၊ ရေးတဲ့လူက မွေးမိခင်ကိုယ်တိုင်၊ ဒါတွေနဲ့တင်ပဲ စာလေးတစောင်ရဲ့ ထပ်ဆောင်းတန်ဖိုးတွေက အနှိုင်းအဆမဲ့လေရဲ့။
အော် … ကိုယ်ကမှ မိုင်သောင်းချီဝေးနေပေမယ့် မွေးမိခင်ရဲ့လက်ရေးနဲ့စာကို ဖတ်ခွင့်ရနေပါ သေးတယ်။ စာရေးမယ့် မွေးမိခင် မရှိတော့တဲ့ ကိုယ့်ရဲ့သူငယ်ချင်းတွေ၊ ရှိနေသေးပေမယ့် ဖတ်ခွင့်မရကြတဲ့ ကိုယ့်ရဲ့သူငယ်ချင်းတွေ၊ လူချင်းတွေ့ဖို့နေနေသာသာ ကိုယ့်လို ဖုန်းလေးနဲ့ တောင် စကားပြောခွင့်မရကြတဲ့ ကိုယ့်ရဲ့သူငယ်ချင်းတွေ၊ သူတို့တွေ သူတို့တွေအကြောင်း တွေးမိတော့ … ကိုယ့်ရဲ့အလွမ်းစိတ်အတွက် ဖြေသာစရာတွေပါလေ …

မီးတွင်းထဲက ထွက်လာပြီ …
အရင်ပို့စ်မှာပြောခဲ့တဲ့ သူငယ်ချင်းကို (အခုတော့ သူ ဘယ်သူဆိုတာ ဖွက်ထားဦးမယ်။ နောက်တော့လည်း သိသွားမှာပါ။) ဘလော့ဂ်လုပ်ပြီးတဲ့အကြောင်း အရင်ဆုံး အကြောင်း ကြားတုန်းက “မွေးတုန်းဖွားတုန်း မီးတွင်း ထဲမှာပဲရှိသေးတာမို့ အများကြီးတော့ မမျှော်လင့်နဲ့နော။” လို့ ပြောခဲ့ဖူးတယ်။
အခုတော့ မီးတွင်းထဲက ထွက်လာပါပြီ။ ဘလော်ဂါ နောင်တော် အမတော်များ ကြုံခဲ့ရဖူးတဲ့ အခက်အခဲတွေကို လည်း ညီတော်မောင့်အကူအညီနဲ့ အချိန်နဲ့အမျှ ဖြေရှင်းပြီး၊ ဖြေရှင်းဆဲ ဆိုတော့ ဒါလည်း ပူစရာမရှိတော့ပါဘူး။
ကိုယ်လက်အင်္ဂါစုံရဲ့လား၊ ရောဂါဘယကင်းရဲ့လား သေချာစစ်ဆေး၊ သန့်စင်ဆေးကြော၊ ရေမိုးချိုး၊ ပေါင်ဒါမှုန့် လေး ဘာလေးလိမ်း၊ အနှီးဖြူဖြူလေးနဲ့ပတ်ပြီး နွေးနွေးထွေးထွေးတော့ ထားဦးမှ။ လေစိမ်းအတိုက်ခံလို့လည်း မဖြစ်သေးဘူး။ အင်း ……………. ပူစရာတွေက တပုံတပင်ရှိနေသေး ………..
ဒါပေမယ့်လည်း စလုပ်ပြီးကတည်းက သွားလည်း ဘလော့ဂ်စိတ်၊ စားလည်း ဘလော့ဂ်စိတ်၊ အလုပ်လုပ်လည်း ဘလော့ဂ်စိတ်၊ အိပ်ရာထဲဝင်တော့လည်း ဘလော့ဂ်စိတ် ……..
ဒီလောက် စွဲစွဲလန်းလန်းဖြစ်လိမ့်မယ်လို့ ကိုယ့်ဟာကိုယ်တောင် တကယ့်ကို မထင်ခဲ့ဘူး၊ အံ့ရော ….

Tuesday, January 6, 2009
မှန်ကူကွက် ဘယ်သို့ ဘယ်ပုံ
အင်မတန်နီးစပ်ပြီး ချစ်ခင်ရတဲ့ သူငယ်ချင်းတယောက်ရှိတယ်။ သူလည်း ထင်ရှားတဲ့ ဘလော်ဂါတယောက် ဖြစ်နေပါပြီ။ ကဗျာရေး စာရေးကလည်း အင်မတန်ကောင်းတဲ့သူတယောက်ပေါ့။
အခုတော့ သူက တနေရာ ကိုယ်က တနေရာပါ။ တယောက်နဲ့တယောက်လဲ မေ့လောက်မှတခါ ဆိုတာလို အဆက်အသွယ်လုပ်ဖြစ်တယ်။ ဒါပေမယ့် အင်မတန် နီးစပ်စဲ၊ ချစ်ခင်ဆဲပါပဲ။
သူနဲ့ ကိုယ်က အိပ်မက်တချို့ တူတယ်လို့လည်းထင်တာပဲ။ အဲဒီအိပ်မက်တွေထဲမှာ အခု "မှန်ကူကွက်" လည်း ပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက မက်ခဲ့ကြီး ခုချိန်ထိ အကောင်အထည်မဖြစ်သေးတဲ့ အိပ်မက်ပေါ့။ ဂျာနယ် မဂ`ဂဇင်းတခု လုပ်ကြဖို့ပါ။ အကြိမ် ကြိမ် တိုင်ပင်ခဲ့ကြဖူး၊ အများကြီး စိတ်ကူးအတွေးတွေ ဖလှယ်ခဲ့ကြဖူး၊ လုပ်ကြမယ်၊ လုပ်တော့မယ်၊ လုပ်ပြီဟေ့လို့ အကြိမ်ကြိမ်ေ`ကြွး ကျော်ခဲ့ကြဖူးပြီး ခုထိမဖြစ်သေးတဲ့ အိပ်မက်ပါ။
ကိုယ်ကလည်း နာမည်အမျိုးမျိုးနဲ့ ဘလော့ဂ်တွေ လုပ်ခဲ့ဖူးတယ်။ ဒီ ဖေဇော်ဂျီ နှိပ်စက်တာနဲ့ပဲ တခုမှ အဆင်ပြေပြေ မဖြစ်ခဲ့ဘူး။ အခု ညီတော်မောင်အကူအညီနဲ့ ဘလော့ဂ်လုပ်မယ်ဆိုတော့ ချက်ခြင်းပဲ ဒီနာမည်ကို ရွေးဖြစ်လိုက်တယ်။ သူငယ်ချင်းနဲ့ အတူတူရွေးခဲ့ဖူးတဲ့နာမည်ပါ။ ဒီနာမည်ကို သူလည်းပိုင်ပါတယ်။ သူကတောင် ပိုပိုင်မလားပဲ။
ဒီနာမည်နဲ့ ဘလော့ဂ်လုပ်တာကို သူက စိတ်မဆိုးလောက်ဘူး ထင်ပါရဲ့။ ဆိုးရင်တော့လည်း မူပိုင်ခွင့်အမှုအခင်း တွေ ဘာတွေများ ဖြစ်မလားပဲ။
ဘယ်လိုပဲဖြစ်ဖြစ်ပါလေ၊ ကိုယ်ကတော့ ဘလော့ဂ်အရသာ အတော်တွေ့နေပြီ။
ရုန်းထွက်မရတော့ဘူးကွယ် ...

ကြည့်လို့မ၀ တသသ
အောင်မယ်လေး၊ ဘလော့ဂ်လေးရတာများ မြန်မာပြည်က ၁၅ နှစ်သား ပြိုင်စက်ဘီးအသစ်ကလေးတစီး လက်ဆောင်ရသလို ကြည့်လို့မ၀ ရှုလို့မ၀ တသသ ဖြစ်နေလိုက်တာဆိုတာ။ ဘာမှလည်း မပြင်မဆင်ရသေး၊ ပက်ကင်မဖြည်ရသေးဘဲနဲ့ကို ကြည့်လို့မ၀ဖြစ်နေတာ။
နောက်ပြီး အလုပ်မအားသေးပေမယ့် ဒီဘလော့ဂ်နာမည်လေး ဘယ်လိုဖြစ်လာတယ်ဆိုတာကိုလည်း အခု ရှေ့ပိုင်း ပို့စ်တ်တွေမှာကိုပဲ တင်ဦးမှ။ ဒါက နောက်ကျလို့ရတဲ့ကိစ္စမဟုတ်ဘူး။

ကိုယ်နဲ့ ဘလော့ဂ်နဲ့ ဇာတ်လမ်းအစ
ကြာတော့ ကြာခဲ့ပါပြီ။ ၂၀၀၂ လောက်ကပေါ့။ တရုတ်က ဘလော်ဂါတွေအကြောင်း သတင်းတွေ၊ ဆောင်းပါးတွေ ဆက်တိုက်လိုဖတ်ခဲ့ရတယ်။ သူတို့ဆီမှာ ဘလော့ဂ်တွေ၊ ဘလော်ဂါတွေရဲ့ အစွမ်းအစကြီးမားပုံကို တွေ့ရတော့ အော-ငါတို့လည်း ဒါကိုလုပ်ရမှာပေါ့လို့ အတွေးရပြီး ရင်းနှီးသူ မိတ်ဆွေတွေနဲ့ ပြောဖြစ်ခဲ့တယ်။ အင်း-ပြောဖြစ်ခဲ့ရုံပါ ပဲ။ ဘာမှမဖြစ်ခဲ့ပါဘူး။ ဒီကနေ့မှာတော့ အမ်မယ်လေး၊ မြန်မာဘလော့ဂ်တွေဆိုတာ မိုးဦးကျမှာ အပြိုင်အဆိုင် အပြိုင်းအရိုင်းထွက်လာတဲ့ မှိုပွင့်တွေလို ငွားငွားစွင့်စွင့် ကြွားကြွားဝင့်ဝင့်နဲ့ သူ့ထက်ငါအပြိုင် ဖွင့်ထွားနေလိုက်ကြ တာ။ မြင်ရ၊ တွေ့ရ၊ ဖတ်ရတာ မနောပီတိ ဂွမ်းဆီထိမိပါရဲ့။ အကောင်းဆုံးဘလော့ဂ် ရွေးချယ်ပွဲဆိုလားတောင် လုပ်ကြမလို့တဲ့၊ ကောင်းပါလေ့ဗျာ။
ကိုယ်ကတော့ ခုမှပဲ စလုံးရေစပြီး စလိုက်ရပါပြီခင်ဗျား။

ကျေးဇူးပါပဲကွယ်
ကြာပါပြီ။ ကိုယ်ပိုင်ဘလော့ဂ်လေးတခု လုပ်ချင်နေခဲ့တာ။ အကြိမ်ကြိမ်၊ နာမည်အမျိုးမျိုးနဲ့လည်း ကြိုးစားကြည့်ခဲ့ဖူးပါတယ်။ တခုအဆင်မပြေ၊ နောက်တခု အဆင်မပြေနဲ့၊ အချိန်အတော်များများ ပေးပြီးတော့လည်း မလုပ်တော့ မရနိုင်ဖြစ်နေခဲ့တာ။ အခုတော့ ချစ်သော ညီတော်မောင်နဲ့ ညီမဖြူတို့ရဲ့ ကောင်းမှုနဲ့ ဖြစ်မြောက်ခဲ့ပါပြီ။
တကယ့်ကို ၀မ်းသာရပါတယ်။
တကယ့်ကို ၀မ်းသာရပါတယ်။
ဒီနေ့ စစမ်းကြည့်တာပါ။
ဒီနေ့ ဒီဘလော့ဂ်လေးကို စပြီး အသက်သွင်းလိုက်ပြီ။ ဖတ်စရာ၊ မှတ်စရာ အစုံအလင် လာဖတ်ကြနော်။
Subscribe to:
Comments (Atom)