Friday, February 13, 2009

ဒီးယား ဗိုလ်ချုပ် (တစ်)

သို့
ဗိုလ်ချုပ်အောင်ဆန်း
၆၁၀၀ ဟေဗန်ဗေးနီးယား အဲဗန်းနျူး
သည် စီးတီး၊ သည် ကန်းထရီး
၂၁၃၁၉၁၅

မှ
မှန်ကူကွက်
အမှတ်နဲ့လမ်း၊ ညောင်ပင်ကြီးရှေ့
သူကြီးဘတုတ်ရွာ
ရက်စွဲ။ ။ ၁၃ ဖေဖော်ဝါရီ ၂၀၀၉
ဒီးယား ဗိုလ်ချုပ် …
ဟဲ ဟဲ အင်္ဂလိပ်ကိုတိုက်ချင်ရင် အင်္ဂလိပ်စာတတ်အောင် သင်ရမယ်လို့ ဗိုလ်ချုပ်ပြောဖူးတယ် ဆိုလား ကျနော် ကြားဖူးတာနဲ့ ဗိုလ်ချုပ်ကို ဘိုလို စ နှုတ်ဆက်လိုက်တာ။ နောက်ထပ် တခုရှိသေးတယ်။ ဟက်ပီး ဘတ်ဒေး ဒီးယား ဗိုလ်ချုပ်။ ဒီကောင် အတော် ကျွန်စော်နံနေပါ လားဆိုပြီး စိတ်ပေါက်လို့ တုတ်ကောက်နဲ့ ထနှက်ရင်လည်း ခပ်သွက်သွက်ရှောင်ရမှာပဲ။ ကိစ္စတော့ မရှိပါဘူး။ ဗိုလ်ချုပ်က ၉၄ နှစ်ဆိုတော့ မသွက်မှ မသွက်နိုင်တော့ဘဲ။
ကျနော်ကမှ မွေးနေ့ဆုတောင်းလေး ပြောဖော်ရတာကိုတော့ ကျေးဇူးတင်။ လောကကြီးထဲ ကျေးဇူးကန်းတဲ့လူတွေ အသင်္ချေကြားထဲမှာ ကျနော့်လိုလူမျိုးက ခပ်ရှားရှား။ အင်္ဂလိပ်စကား ပြောတာနဲ့တော့ ကျွန်စော်နံတယ်မလုပ်နဲ့နော် ဗိုလ်ချုပ်၊ အခုဟာ ဂလိုဘယ်လိုက်ဇေးရှင်း ခေတ် …………… ဗျ။ ဂလိုဘယ်ဖြစ်ဖို့က ဂလိုဘယ်လန်းဂွေ့လေးတခုတော့ လုပ်ထားမှ၊ ဗိုလ်ချုပ်က ဒါတွေသိမှာပါ လေ၊ ကျနော် ဒဲ့ကြီးလုပ်လိုက်လို့ နည်းနည်းတော့ ဖုသွားတာ မလား။
ဗိုလ်ချုပ်ကလဲဗျာ၊ သွားလိုက်တာများ တခါမှ ပေါ်မလာတော့ဘူး။ လူပျက်တွေပြောသလို ပြောရမလိုဖြစ်နေပြီ။ “ငါ့ဘကြီးကွာ၊ သေသွားတာ ဘာသတင်းမှကို မကြားရတော့ဘူး” ဆိုတာလေ။ သတင်းလေးဘာလေးများ မေးလှည့်၊ ပြောလှည့်ပါဦးတော့လား ဗိုလ်ချုပ်ရာ။ နေနိုင်လိုက်တာဆိုတာ။ ဗိုလ်ချုပ်ပြောတော့ ကျနော့်ကို ချစ်လှချည်ရဲ့ဆို။ ခုတော့လည်း နေနိုင်လိုက်တာဗျာ၊ စိတ်တောင်နာတယ်။ သိပ်မအားမလပ်ဖြစ်နေရင်လည်း လူကြုံနဲ့ဖြစ်ဖြစ် မေးလို့ရပါတယ်ဗျာ၊ နည်းနည်းပါးပါးတော့ မေးဦးမှပေါ့။
တခုတော့ရှိပါတယ်လေ၊ ဗိုလ်ချုပ်နေရာကလည်း လူကြုံရှားပါးဘိသနဲ့။ ဟို ဒေါက်တာ မာတင် လူသာကင်းကြီးဆိုလား၊ အဲဒီလူကြီးနဲ့ကျတော့လည်း ဝေးတာကိုး၊ ထားပါတော့လေ။ နောက် ကံကောင်းလို့ လူကြုံရောက်လာရင်သာ အမှာစကားလေးပါးဖို့ မမေ့ပါနဲ့ … နော။
ဗိုလ်ချုပ်နေရာက စာထည့်တော့လည်း မရောက်၊ ကျနော်ထည့်တဲ့စာတွေ အစောင်မနည်း တော့ဘူး။ ရေစစ္စရီလုပ်တာတွေတောင် ပါသေး။ ဗိုလ်ချုပ်က အိုးလ်ဒ်စကူးလ်ဆိုတော့ အင်တာနက်လေး အီးမေးလ်လေးလည်း မသုံးတတ်၊ တခုတော့ ရှိပါတယ်လေ၊ ဗိုလ်ချုပ် သုံးတတ်လည်း ကဖေးရှာရတာနဲ့၊ အိုကြီးအိုမဖြစ်မှ သွားရလာရတာနဲ့၊ ကွန်နက်ရှင်းကလည်း ကောင်းဦးမှ။ ဒါနဲ့ပဲ အီးမေးလ်လည်း ကျနော်ပို့လို့မရ။
အဲဒါကြောင့်ပေါ့ ဗိုလ်ချုပ်ကို ကျနော်မေးချင်တာတွေ တပုံတပင် ရင်နဲ့အပြည့်ကို ခုထိကို …… ….. မမေးရသေးဘူး၊ စိတ်ညစ်တယ်ဗျာ။
“မင်းကလည်း စကားကမစရသေးဘူး၊ စိတ်ညစ်တယ်ဆိုတာက စလာပြီ၊” မလုပ်နဲ့၊ တုတ်ကောက်နဲ့ရွယ်ဖို့လည်း မစဉ်းစားနဲ့၊ စိတ်လျှော့။ ဗိုလ်ချုပ်က အေးရာအေးကြောင်း သွားနေပြီးတော့။ အနည်းဆုံးတော့ ကျနော့်ကြီးဒေါ်တွေ ပြောပြောနေကြသလို အိပ်မက်လေးဘာလေး ပေးရင်လည်း ကောင်းရဲ့။ ခုတော့ ဗိုလ်ချုပ်ဟာက အိပ်မက် လည်းမပေး၊ စာလည်းမရေး၊ အီးမေးလည်းမပို့တဲ့အပြင် ဒီလောက်ကြာတဲ့အထိ မ၀င်စားတာ တော့လည်း မလွန်လွန်းဘူးလားဗျာ။ အခုမှ အဆက်အသွယ်လေးပြန်ရလာလို့ စာလေး တစောင် ပြန်ရေးခွင့်ရတာ။ ဒါတောင် ဒီစာက ပျောက်မလားမသိသေးဘူး။ ဒါပဲနော်၊ ဗိုလ်ချုပ် အိုကေတယ်ဆိုလို့ ကျနော်ရေးလိုက်တာ၊ မရောက်ဘူးလို့တော့ မလုပ်နဲ့။
လောလောဆယ်တော့ ကားရန့်အစ်ရှုးပဲ ဗိုလ်ချုပ်ကို မေးလိုက်ဦးမယ်။ ဗိုလ်ချုပ်ရေ ….. အန်စီယူဘီက စင်ပြိုင်အစိုးရတခု ထပ်ဖွဲ့မယ်ဆိုလား၊ လက်ရှိ စင်ပြိုင်အစိုးရကို ပြောင်းပြီး ဖွဲ့မယ်ဆိုလားပဲ ပြောနေသံကြားတယ်။ ဗိုလ်ချုပ် ဘယ်လိုသဘောရလဲ။ ထပ်ဖွဲ့တာပဲဖြစ်ဖြစ်၊ ပြောင်းဖွဲ့တာပဲဖြစ်ဖြစ်ပေါ့ဗျာ ….
ဗိုလ်ချုပ် ….. လျှိုတော့ မလျှိုနဲ့နော်၊ ကျနော်က နိုင်ငံရေး နားမလည်ဘူး၊ ခပ်ချာချာဆိုပြီး နှပ်ဖို့ တော့မကြံနဲ့။ ဗိုလ်ချုပ်က ဒါမျိုး မလုပ်ပါဘူး၊ ဟုတ်တယ်မလား။ စာမရဘူးဆိုပြီးတော့လည်း အပျောက်မရှင်းလိုက်နဲ့နော်။ ဒီစာက မရောက်စရာအကြောင်းမရှိဘူး။ ဗိုလ်ချုပ်ပြောတဲ့နည်း အတိုင်း ကျနော်ထည့်လိုက်တာ။ တံဆိပ်ခေါင်းလည်း ကပ်ပေးလိုက်တယ်။
အိုကေ ဗိုလ်ချုပ်ရေ။ ကျနော် စာရိုက်ရတာ ငြောင်းလာပြီ။ နောက်မှ ထပ်ရိုက်တော့မယ်။
အော် …. စောရီး စောရီး၊ မေ့တော့မလို့။ အန်တီစု နေကောင်းတယ် …… လို့ ပြောကြတယ်။ ဟို … မစ်စတာဂမ်ဘာရီကြီးသွားတုန်းကထွက်လာတဲ့ နောက်ဆုံးပုံတွေ တွေ့လိုက်ရတာပဲ။ ပိန်တော့ အတော်ပိန်သွားတယ်။ ဒါပေမယ့် ပိန်တာကောင်းပါတယ်။ ၀ရင် ရောဂါစုံ ၀င်နေဦး မယ်။ ကြည့်ရတာတော့ ကျန်းမာပုံပါပဲ။ “မင်းကလဲ ဘာမှကို သေသေချာချာမပြောဘူး၊” တော့ မလုပ်နဲ့ဦး ဗိုလ်ချုပ်ရေ။ အဲဒီ မစ်စတာဂမ်တောင် ကံကောင်းလို့ တွေ့ရတာ။ အခုဟာ အခြေအနေက ကျနော့်လိုကောင်မျိုး အနားကပ်ဖို့ဆိုတာ အိပ်မက်ပဲ။ ဗိုလ်ချုပ်ကလည်း ကျနော့်ကို စပယ်ရှယ်ပါဝါတို့၊ အမွေစားအမွေခံတို့ ကြေညာထားတာမဟုတ်ဘူး။ ကျနော်တို့ ချင်း ဒီလောက်ရင်းတယ်ဆိုတာတောင် ဘယ်သူမှ သိတာမဟုတ်။ ဒီတော့ တွေ့ရသလောက်ပဲ ပြောနိုင်မယ်။ မကျေနပ်ရင်လည်း ကိုယ့်ဖာသာပဲ သွားကြည့်တော့၊ ဟုတ်တယ်။
ကျနော်သိတယ်၊ ဒီလောက်ပဲသိတာကို ဗိုလ်ချုပ်က စိတ်တိုမယ်ဆိုတာ။ ဟို … အယူခံကိစ္စ လည်း ဘာမှ ထပ်မထူးသေးဘူးလို့ပြောတယ်။ ဦးကြည်ဝင်းတို့လည်း လုပ်နေတာပဲ …
အော် … နောက်ဆုံးသတင်းတွေ ကျန်သွားဦးမလို့။ ဦးတင်ဦးကို နောက်ထပ် တနှစ် သက်တမ်း တိုးလိုက်တယ်နော်။ ပြီးတော့ ………. ဟို လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဆိုလား၊ အဲဒီ လူကြီး မနက်ဖြန် မြန်မာပြည်သွားမယ်တဲ့။ အဲဒါတွေလည်း စဉ်းစားပေးထားဦး။ ကျနော် မေးစရာတွေ ပေါ်လာမှာ။ အိုကေ အိုကေ …. ငြောင်းပြီဆိုတာကနေတောင် အတော်များသွား ပြီ။
ဗိုလ်ချုပ် နေကောင်းပါစေ … ကျန်းမာပါစေ … မြန်မြန် ၀င်စားနိုင်ပါစေ … (အဲဒါတော့ ကျနော့် ကြီးဒေါ်ကြီးပြောလို့နော်)
ကျနော့်ဆီ စာပြန်နိုင်ပါစေ … လူကြုံမြန်မြန်ရှိပါစေ …
ဗိုလ်ချုပ် ချစ်တယ်လို့ပြောတဲ့ …
ကျနော်
ပီအက်။ ။ ကျနော် ဟိုးတခေါက်တုန်းက စန်ထရမ်ပို့လိုက်တာ ရသေးလား။ သောက်ရ တာရော အဆင်ပြေလား။ အဲဒီဆေးသောက်ပြီးမှ စားကောင်းသောက်ကောင်း ပိုဖြစ်သလား။ အခုမှပဲ မေးရတော့တယ်။

Wednesday, February 11, 2009

မေးခွန်းကြီးတခု

ခေါင်းထဲမှာ ဒီရက်ပိုင်း မေးခွန်းတခုက ထပ်ခါတလဲလဲ တံခါးလာခေါက်နေတယ်။ အန်စီဂျီယူဘီ၊ အန်စီယူဘီ၊ အမျိုးသားညီညွတ်ရေးလွှတ်တော်၊ အမျိုးသားညီညွတ်ရေးအစိုးရ စတဲ့အသံတွေ …
ညီညွတ်ကြပါ၊ ညီညွတ်ဖို့လိုပြီ၊ ညီညွတ်ရေး အရေးကြီးတယ်ဆိုတဲ့ အသံတွေ …
အမေရိကန်သမ္မတအသစ်ကလေးက စီးပွားရေး ပြန်ပြီးနာလံထူလာအောင်လုပ်မယ့် သူ့ရဲ့ အစီအစဉ်ကို ကွန်ဂရက်ကနေအတည်ပြုပေးဖို့ အပြင်းအထန်ကြိုးစားနေတာတွေ၊ လွှတ်တော် အမတ်တွေက ဘဏ်ကြီးတွေရဲ့ အမှုဆောင်အရာရှိကြီးတွေကို ခေါ်ပြီး မေးလိုက် မြန်းလိုက်၊ ကြိမ်းလိုက် မောင်းလိုက်၊ အစိုးရ၀န်ကြီးတွေကိုခေါ်ပြီး ကြိမ်းလိုက် မောင်းလိုက် လုပ်နေတာ တွေ …
ဒီကြားထဲမှာ မသေရုံတမယ် နိုင်ငံရေးအသက်လောက်ပဲ ကျန်တော့တဲ့သူတွေက ခါတော်မီ နိုင်ငံရေး စကားကြီးစကားကျယ်တွေ၊ ကိုယ်တိုင်က မတည်ဆောက်နိုင်ခဲ့တဲ့၊ တည်ဆောက်ဖို့ ဘယ်တုန်းကမှ အပြင်းအထန် အလေးအနက် မကြိုးစားခဲ့ဖူးတဲ့ “ညီညွတ်ရေး” ဆိုတာကို လျှာအရသာခံပြီး “နှိပ်ပလိုက်မယ်” ဆိုတဲ့ အတွင်းစိတ်အခံနဲ့ ရေးကြ၊ ပြောကြ၊ တွတ်ထိုးကြ တာတွေကလည်း တွေ့လာ ကြားလာရပြန်တယ်။
ဒါနဲ့ပဲ အဲဒီမေးခွန်းက အဆက်မပြတ် တံခါး လာလာခေါက်နေတော့တာပါပဲ။
မေးခွန်းက ဒီလိုပါ … “Are we ready to govern?” “ကျနော်တို့တွေ နိုင်ငံအုပ်ချုပ်ဖို့ အဆင်သင့်ဖြစ်ပါပြီလား။”
ဒီမေးခွန်းမှာ We လို့ သုံးလိုက်တဲ့အတွက် ဒီဘလော့ဂ်ပိုင်ရှင်ကိုယ်တိုင် အုပ်ချုပ်မှာလားလို့ တော့ ဒွိဟမပွားလိုက်ပါနဲ့။ ပမာပြု တင်စားထားတဲ့ မေးခွန်းပါ။
နိုင်ငံတခုကိုအုပ်ချုပ်ဖို့ အဆင်သင့်ဖြစ်ကြပါပြီလားခင်ဗျာ။ လူဦးရေ သန်း ၅၀ ပတ်ဝန်းကျင် ရှိတဲ့ နိုင်ငံလေးတခုကိုအုပ်ချုပ်ဖို့ အဆင်သင့်ဖြစ်ကြပါပြီလားခင်ဗျာ။
ကျနော်က နိုင်ငံလေးလို့ပြောလိုက်တော့ စိတ်နာကြမလားမပြောတတ်ဘူး။ တကယ်က မြန်မာ ပြည်ဆိုတာ နိုင်ငံငယ်လေးပါ။ အမေရိကန်ရဲ့ ပြည်နယ် ၅၀ ထဲမှာ လူဦးရေအများဆုံး ကာလီဖိုးနီးယားပြည်နယ်နဲ့ ပဉ္စမ လူဦးရေအများဆုံး အီလီနွိုင်းပြည်နယ် နှစ်ခုပေါင်းလူဦးရေ ပတ်ဝန်းကျင်လောက်ပဲရှိပါတယ်။ ၂၀၀၈ ခုနှစ် စာရင်းတွေအရပါ။
လက်ရှိ စစ်အစိုးရထက် သာမှာပါလိုတော့ မဖြေပါနဲ့။ မြန်မာနိုင်ငံ၊ မြန်မာလူထုဟာ ညံ့ဖျင်း နုံချာလှတဲ့ အခုစစ်အစိုးရဒဏ် ခံရပြီးတဲ့နောက် နောက်ထပ် ညံ့ဖျင်း နုံချာလှတဲ့ ဘယ်လို အစိုးရမျိုးကိုမှ၊ စစ်ပဲဖြစ်ဖြစ်၊ မစစ်ပဲဖြစ်ဖြစ်၊ မတတ်နိုင်တော့ပါဘူး။ လုံလောက်သည်ထက် ပိုလွန်းနေပါပြီ။
ဒီမေးခွန်းကို ဒီပို့စ်မှာ အဖြေရှာဖို့ မကြိုးစားသေးပါဘူး။ မေးခွန်းပဲ ထုတ်ပါရစေဦး။
“နိုင်ငံကိုအုပ်ချုပ်ဖို့ အဆင်သင့်ဖြစ်ကြပါပြီလားခင်ဗျာ။”