Tuesday, January 27, 2009

မဲပြာပုဆိုးများ လွယ်မှတ်လို့

တခါလာ မဲပြာပုဆိုးတွေချည်းပဲလို့
ယောဆရာကဆိုသဗျာ
ဒီအသံကြားတော့
ကိုယ်လည်း ကြောက်ပြာပြာဖြစ်လာ။
သူများပြောလို့ ပြာသည်လား
ကိုယ့်ဖာသာ နဂိုထဲက ပြာပြီးသားလားဆိုတာတော့
မသေချာ
ဒါလည်း ညှာညှာတာတာပြောတာပဲဖြစ်မှာ။
ဒါပေမယ့်ဗျာ
ကမ္ဘာကြီးကိုက မဲပြာပုဆိုးဖြစ်နေတာ
ကျနော်က ဘာများမို့လို့ ဒါကိုပြောင်းနိုင်မှာ
ပြောတဲ့ ယောဆရာ
မညှာမတာ ပြောရက်လိုက်လေတာ။
နုစဉ်ကတော့ ကမ္ဘာကို ခါးစောင်းတင်ပစ်ခဲ့ချင်တာ
ရင့်လာ ရင့်လာ ရင့်လာ …
ခါးနာ ခါးနာ ခါးနာ …
ကမ္ဘာကြီးဟာ ဆူးတွေနဲ့ဗျာ။
ကျနော့်အမေသာ ကန်းဆတ်စ်မှာမွေး
ကျနော့်အဖေက ကင်ညာမှာမွေး
ကျနော်က အမေရိကားမှာ မွေး
ဒီလိုသာဆို ကျနော်လည်း …
“Yes, We Can”, “Change is coming to Burmese Exile”
ဟားဟားဟား … ဟားဟားဟား …

Wednesday, January 21, 2009

အိုဘားမား

သူ သမ္မတဖြစ်ပြီ။
အားလုံးပျော်ကြသည်။
ကိုယ်လည်း ရောပျော်သည်။
တကယ်ကတော့ ဒီအပျော်က အတုဖြစ်သည်။
ချော်လဲရောထိုင် ပျော်ခြင်းဖြစ်သည်။
ကိုယ် အစစ်အမှန်ပျော်ချင်သည်။
ပျော်ခွင့်ရမည်လို့လည်း မျှော်လင့်သည်။
မျှော်လင့်ခြင်းပေါ်မှာ ကိုယ်ပိုပြီး ယုံကြည်လာပါသည်။

Saturday, January 17, 2009

မင်္ဂလာမရှိတဲ့ကဗျာ

တယောက်ထဲ မဟုတ်ပေမယ့်
အထီးကျန် …
မချစ်မနှစ်သက်သောသူတွေနဲ့
ဝေးနေရတာက မင်္ဂလာတပါးပါလေ။
ဒါပေမယ့် …
ချစ်ခင်နှစ်သက်သူတွေနဲ့ အတူမနေရတာက
မင်္ဂလာနဲ့ဝေးနေ။

Wednesday, January 7, 2009

မေမေ့ဆီက လာတဲ့စာ

ဒီကနေ့ မေ့ (ကိုယ်တို့မောင်နှမတွေအားလုံးက အမေကို “မေ”၊ အဖေကို “ဖေ” ဆိုပြီး တလုံးစီပဲခေါ်ကြတယ်။) ဆီက စာတစောင်ရတယ်။ စာအိတ်နဲ့၊ တံဆိပ်ခေါင်းနဲ့၊ စာတိုက်က လာတာတော့မဟုတ်ဘူး။ တသက်လုံး ဘယ်လိုမှ မေ့လို့ရစရာမရှိတဲ့ လက်ရေးနဲ့ စာရွက်ပေါ် မှာရေးထားတာကို Scan ဖတ်ပြီး ဦးလေးတယောက်က email နဲ့ ပို့ပေးလိုက်တာ။
မိုင်ပေါင်း သောင်းနဲ့ချီဝေးတဲ့နေရာကနေလာတဲ့ စာ၊ ရေးတဲ့လူက မွေးမိခင်ကိုယ်တိုင်၊ ဒါတွေနဲ့တင်ပဲ စာလေးတစောင်ရဲ့ ထပ်ဆောင်းတန်ဖိုးတွေက အနှိုင်းအဆမဲ့လေရဲ့။
အော် … ကိုယ်ကမှ မိုင်သောင်းချီဝေးနေပေမယ့် မွေးမိခင်ရဲ့လက်ရေးနဲ့စာကို ဖတ်ခွင့်ရနေပါ သေးတယ်။ စာရေးမယ့် မွေးမိခင် မရှိတော့တဲ့ ကိုယ့်ရဲ့သူငယ်ချင်းတွေ၊ ရှိနေသေးပေမယ့် ဖတ်ခွင့်မရကြတဲ့ ကိုယ့်ရဲ့သူငယ်ချင်းတွေ၊ လူချင်းတွေ့ဖို့နေနေသာသာ ကိုယ့်လို ဖုန်းလေးနဲ့ တောင် စကားပြောခွင့်မရကြတဲ့ ကိုယ့်ရဲ့သူငယ်ချင်းတွေ၊ သူတို့တွေ သူတို့တွေအကြောင်း တွေးမိတော့ … ကိုယ့်ရဲ့အလွမ်းစိတ်အတွက် ဖြေသာစရာတွေပါလေ …

မီးတွင်းထဲက ထွက်လာပြီ …

အရင်ပို့စ်မှာပြောခဲ့တဲ့ သူငယ်ချင်းကို (အခုတော့ သူ ဘယ်သူဆိုတာ ဖွက်ထားဦးမယ်။ နောက်တော့လည်း သိသွားမှာပါ။) ဘလော့ဂ်လုပ်ပြီးတဲ့အကြောင်း အရင်ဆုံး အကြောင်း ကြားတုန်းက “မွေးတုန်းဖွားတုန်း မီးတွင်း ထဲမှာပဲရှိသေးတာမို့ အများကြီးတော့ မမျှော်လင့်နဲ့နော။” လို့ ပြောခဲ့ဖူးတယ်။

အခုတော့ မီးတွင်းထဲက ထွက်လာပါပြီ။ ဘလော်ဂါ နောင်တော် အမတော်များ ကြုံခဲ့ရဖူးတဲ့ အခက်အခဲတွေကို လည်း ညီတော်မောင့်အကူအညီနဲ့ အချိန်နဲ့အမျှ ဖြေရှင်းပြီး၊ ဖြေရှင်းဆဲ ဆိုတော့ ဒါလည်း ပူစရာမရှိတော့ပါဘူး။

ကိုယ်လက်အင်္ဂါစုံရဲ့လား၊ ရောဂါဘယကင်းရဲ့လား သေချာစစ်ဆေး၊ သန့်စင်ဆေးကြော၊ ရေမိုးချိုး၊ ပေါင်ဒါမှုန့် လေး ဘာလေးလိမ်း၊ အနှီးဖြူဖြူလေးနဲ့ပတ်ပြီး နွေးနွေးထွေးထွေးတော့ ထားဦးမှ။ လေစိမ်းအတိုက်ခံလို့လည်း မဖြစ်သေးဘူး။ အင်း ……………. ပူစရာတွေက တပုံတပင်ရှိနေသေး ………..

ဒါပေမယ့်လည်း စလုပ်ပြီးကတည်းက သွားလည်း ဘလော့ဂ်စိတ်၊ စားလည်း ဘလော့ဂ်စိတ်၊ အလုပ်လုပ်လည်း ဘလော့ဂ်စိတ်၊ အိပ်ရာထဲဝင်တော့လည်း ဘလော့ဂ်စိတ် ……..

ဒီလောက် စွဲစွဲလန်းလန်းဖြစ်လိမ့်မယ်လို့ ကိုယ့်ဟာကိုယ်တောင် တကယ့်ကို မထင်ခဲ့ဘူး၊ အံ့ရော ….

Tuesday, January 6, 2009

မှန်ကူကွက် ဘယ်သို့ ဘယ်ပုံ

အင်မတန်နီးစပ်ပြီး ချစ်ခင်ရတဲ့ သူငယ်ချင်းတယောက်ရှိတယ်။ သူလည်း ထင်ရှားတဲ့ ဘလော်ဂါတယောက် ဖြစ်နေပါပြီ။ ကဗျာရေး စာရေးကလည်း အင်မတန်ကောင်းတဲ့သူတယောက်ပေါ့။
အခုတော့ သူက တနေရာ ကိုယ်က တနေရာပါ။ တယောက်နဲ့တယောက်လဲ မေ့လောက်မှတခါ ဆိုတာလို အဆက်အသွယ်လုပ်ဖြစ်တယ်။ ဒါပေမယ့် အင်မတန် နီးစပ်စဲ၊ ချစ်ခင်ဆဲပါပဲ။
သူနဲ့ ကိုယ်က အိပ်မက်တချို့ တူတယ်လို့လည်းထင်တာပဲ။ အဲဒီအိပ်မက်တွေထဲမှာ အခု "မှန်ကူကွက်" လည်း ပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက မက်ခဲ့ကြီး ခုချိန်ထိ အကောင်အထည်မဖြစ်သေးတဲ့ အိပ်မက်ပေါ့။ ဂျာနယ် မဂ`ဂဇင်းတခု လုပ်ကြဖို့ပါ။ အကြိမ် ကြိမ် တိုင်ပင်ခဲ့ကြဖူး၊ အများကြီး စိတ်ကူးအတွေးတွေ ဖလှယ်ခဲ့ကြဖူး၊ လုပ်ကြမယ်၊ လုပ်တော့မယ်၊ လုပ်ပြီဟေ့လို့ အကြိမ်ကြိမ်ေ`ကြွး ကျော်ခဲ့ကြဖူးပြီး ခုထိမဖြစ်သေးတဲ့ အိပ်မက်ပါ။
ကိုယ်ကလည်း နာမည်အမျိုးမျိုးနဲ့ ဘလော့ဂ်တွေ လုပ်ခဲ့ဖူးတယ်။ ဒီ ဖေဇော်ဂျီ နှိပ်စက်တာနဲ့ပဲ တခုမှ အဆင်ပြေပြေ မဖြစ်ခဲ့ဘူး။ အခု ညီတော်မောင်အကူအညီနဲ့ ဘလော့ဂ်လုပ်မယ်ဆိုတော့ ချက်ခြင်းပဲ ဒီနာမည်ကို ရွေးဖြစ်လိုက်တယ်။ သူငယ်ချင်းနဲ့ အတူတူရွေးခဲ့ဖူးတဲ့နာမည်ပါ။ ဒီနာမည်ကို သူလည်းပိုင်ပါတယ်။ သူကတောင် ပိုပိုင်မလားပဲ။
ဒီနာမည်နဲ့ ဘလော့ဂ်လုပ်တာကို သူက စိတ်မဆိုးလောက်ဘူး ထင်ပါရဲ့။ ဆိုးရင်တော့လည်း မူပိုင်ခွင့်အမှုအခင်း တွေ ဘာတွေများ ဖြစ်မလားပဲ။
ဘယ်လိုပဲဖြစ်ဖြစ်ပါလေ၊ ကိုယ်ကတော့ ဘလော့ဂ်အရသာ အတော်တွေ့နေပြီ။
ရုန်းထွက်မရတော့ဘူးကွယ် ...

ကြည့်လို့မ၀ တသသ

အောင်မယ်လေး၊ ဘလော့ဂ်လေးရတာများ မြန်မာပြည်က ၁၅ နှစ်သား ပြိုင်စက်ဘီးအသစ်ကလေးတစီး လက်ဆောင်ရသလို ကြည့်လို့မ၀ ရှုလို့မ၀ တသသ ဖြစ်နေလိုက်တာဆိုတာ။ ဘာမှလည်း မပြင်မဆင်ရသေး၊ ပက်ကင်မဖြည်ရသေးဘဲနဲ့ကို ကြည့်လို့မ၀ဖြစ်နေတာ။
နောက်ပြီး အလုပ်မအားသေးပေမယ့် ဒီဘလော့ဂ်နာမည်လေး ဘယ်လိုဖြစ်လာတယ်ဆိုတာကိုလည်း အခု ရှေ့ပိုင်း ပို့စ်တ်တွေမှာကိုပဲ တင်ဦးမှ။ ဒါက နောက်ကျလို့ရတဲ့ကိစ္စမဟုတ်ဘူး။

ကိုယ်နဲ့ ဘလော့ဂ်နဲ့ ဇာတ်လမ်းအစ

ကြာတော့ ကြာခဲ့ပါပြီ။ ၂၀၀၂ လောက်ကပေါ့။ တရုတ်က ဘလော်ဂါတွေအကြောင်း သတင်းတွေ၊ ဆောင်းပါးတွေ ဆက်တိုက်လိုဖတ်ခဲ့ရတယ်။ သူတို့ဆီမှာ ဘလော့ဂ်တွေ၊ ဘလော်ဂါတွေရဲ့ အစွမ်းအစကြီးမားပုံကို တွေ့ရတော့ အော-ငါတို့လည်း ဒါကိုလုပ်ရမှာပေါ့လို့ အတွေးရပြီး ရင်းနှီးသူ မိတ်ဆွေတွေနဲ့ ပြောဖြစ်ခဲ့တယ်။ အင်း-ပြောဖြစ်ခဲ့ရုံပါ ပဲ။ ဘာမှမဖြစ်ခဲ့ပါဘူး။ ဒီကနေ့မှာတော့ အမ်မယ်လေး၊ မြန်မာဘလော့ဂ်တွေဆိုတာ မိုးဦးကျမှာ အပြိုင်အဆိုင် အပြိုင်းအရိုင်းထွက်လာတဲ့ မှိုပွင့်တွေလို ငွားငွားစွင့်စွင့် ကြွားကြွားဝင့်ဝင့်နဲ့ သူ့ထက်ငါအပြိုင် ဖွင့်ထွားနေလိုက်ကြ တာ။ မြင်ရ၊ တွေ့ရ၊ ဖတ်ရတာ မနောပီတိ ဂွမ်းဆီထိမိပါရဲ့။ အကောင်းဆုံးဘလော့ဂ် ရွေးချယ်ပွဲဆိုလားတောင် လုပ်ကြမလို့တဲ့၊ ကောင်းပါလေ့ဗျာ။
ကိုယ်ကတော့ ခုမှပဲ စလုံးရေစပြီး စလိုက်ရပါပြီခင်ဗျား။

ကျေးဇူးပါပဲကွယ်

ကြာပါပြီ။ ကိုယ်ပိုင်ဘလော့ဂ်လေးတခု လုပ်ချင်နေခဲ့တာ။ အကြိမ်ကြိမ်၊ နာမည်အမျိုးမျိုးနဲ့လည်း ကြိုးစားကြည့်ခဲ့ဖူးပါတယ်။ တခုအဆင်မပြေ၊ နောက်တခု အဆင်မပြေနဲ့၊ အချိန်အတော်များများ ပေးပြီးတော့လည်း မလုပ်တော့ မရနိုင်ဖြစ်နေခဲ့တာ။ အခုတော့ ချစ်သော ညီတော်မောင်နဲ့ ညီမဖြူတို့ရဲ့ ကောင်းမှုနဲ့ ဖြစ်မြောက်ခဲ့ပါပြီ။
တကယ့်ကို ၀မ်းသာရပါတယ်။

ဒီနေ့ စစမ်းကြည့်တာပါ။

ဒီနေ့ ဒီဘလော့ဂ်လေးကို စပြီး အသက်သွင်းလိုက်ပြီ။ ဖတ်စရာ၊ မှတ်စရာ အစုံအလင် လာဖတ်ကြနော်။