Sunday, March 29, 2009

ချစ်ခြင်းသည်လည်း ချစ်ခြင်းမဟုတ်လေသောအခါ

တနေ့တနေ့ အသေးအဖွဲကိစ္စတွေနဲ့ပဲ အချိန်ကုန်။
မပိတ်ဘဲ မှိတ်မှိတ်သွားတဲ့မီးတိုင်ကို
လင်းအောင်ပြန်လုပ်ရတာက အကြိမ်တရာမက
“ငါဘာကောင်လဲ” လို့ စဉ်းစားအဖြေထုတ်တာက
အကြိမ်တသောင်းမက …
လူတယောက်အသက်ရှင်နေတဲ့ရက်တွေမှာ
ထပ်ခါထပ်ခါ လုပ်နေရတဲ့အလုပ်တွေက
အသက်ရှင်သန်ဖို့အတွက် တကယ်လိုအပ်တာလား …
ထမင်းစားရေသောက်ကိစ္စတွေလောက်အတွက်သာ
နေ့တဓူဝအသက်ရှင်သန်ခဲ့ကြရင်
ဒီကဗျာကို ဒီ VAIO ပေါ်မှာ ရေးဖွဲ့ဖို့တောင် အခွင့်ရမှာမဟုတ်။
ဒါနဲ့ပဲ ဒီကဗျာက မုန်းချင်းဖွဲ့ကဗျာတပုဒ်ထက် ဘာမှပိုမထူးလာ။
ဟော … မှိတ်သွားပြီ …
ဟော … လင်းလာပြီ …
ဟော … မှိတ်သွားပြန်ပြီ …
ဟော … ပြန်လင်းလာပြန်ပြီ …
မှိတ်လိုက် လင်းလိုက် လူ့ဘ၀ …
ဒီစက္ကန့်တွေကြားထဲမှာပဲ
ချစ်တဲ့ညီက မကြာခင်မှာ “ငါဟဲ့ အိုဘဲ့ယောက်ျား” လို့
ကြွေးကျော်ဖို့အချိန် ရောက်လာတော့မယ် …
ချစ်တဲ့သူငယ်ချင်းတယောက်က
အဲဒီမြို့လေးမှာ …
ကိုယ်တွေကို မသိတာတွေ မြင်အောင်လုပ်ပေးခဲ့တဲ့၊
အဲဒီမြို့လေးမှာ …
ကိုယ်တွေကို ဖွယ်ဖွယ်ရာရာ ရှာရှာဖွေဖွေ သိစေခဲ့တဲ့။
အဲဒီမြို့လေးမှာ …
ကိုယ်တွေကို တသက်စာရှာမတွေ့နိုင်မယ့်တရားတွေပြခဲ့တဲ့၊
ကိုယ်ချစ်နေဆဲ ပင်လယ်ဓားပြကြီးတယောက်က
Bond အခွေကြည့်ပြီး အတွေးသစ်ရ ကဗျာဖွဲ့။
ကဗျာကောင်းကောင်းမဖွဲ့တတ်တဲ့လူကလဲ
ဖွဲ့တတ်ချင်ယောင်ဆောင် …
စာကောင်းကောင်းမရေးတတ်သူကလဲ
ရေးတတ်ချင်ယောင်ဆောင် …
ပန်းချီကောင်းကောင်းမဆွဲတတ်သူကလဲ
ဆွဲတတ်ချင်ယောင်ဆောင် …
သီချင်းကောင်းကောင်းမဆိုတတ်သူကလဲ
ဆိုတတ်ချင်ယောင်ဆောင် …
အချစ်ကောင်းကောင်းမချစ်တတ်သူကလဲ
ချစ်တတ်ချင်ယောင်ဆောင် …
အဆောင်အယောင်နဲ့
အယောင်ဆောင်တာတွေကိုပဲ
တမ်းတမ်းစွဲဖြစ်နေတဲ့ကမ္ဘာ …
အပြင်မှာမိုးရွာနေတယ် …
ချစ်သူက မအားဘူး …
အ၀တ်လျှော်စက်က အသံအရမ်းမြည်တယ် …
မနက်ဖြန် ဆေးသွားယူရမယ် …
ဘီယာခွက်ထဲမှာ ဘီယာကုန်သွားပြီ …
နာရီက ၈ ချက်မြည်တယ် …
အိမ်ကိုဖုန်းခေါ်ရမယ် …
မေမေနဲ့စကားပြောရမယ် …
ကံကောင်းရင် ဖေဖေနဲ့လည်းပြောရမယ် …
ညီမလေးနဲ့စကားပြောရမယ် …
ညီမလေးရဲ့သမီးနဲ့ စကားပြောရမယ် …
အသေးအဖွဲတွေကိုညည်းငွေ့ရင်း
စရေးဖြစ်တဲ့ကဗျာ …
အသေးအဖွဲတွေကိုချီးမြှောက်ရင်း
အဆုံးသတ်ပါတယ်။ ။

1 comment:

  1. ကောင်းလိုက်တဲ့ ကဗျာလေး

    ညီမ ဖြူဖြူ

    ReplyDelete