Thursday, March 19, 2009

အဟောင်းများ (တစ်)

ဒီဘလော့ဂ်ကို တဲခနိကပိုင်း အဓိကစလုပ်ပေးခဲ့တဲ့ ညီတော်မောင်က ပြောလာတယ်။ ဘာအသစ်မှမတင်ဘဲ ဒီလောက် ကြာကြာနေတာ မကောင်းဘူးတဲ့၊ အတိုလေးပဲဖြစ်ဖြစ် တင်သင့်တယ်တဲ့။ ကိုယ်ကလည်း တခုခုတင်ဖို့ စိတ်ကူးပေါ်လာလိုက်၊ ဆုံးအောင် မရေးဖြစ် တာနဲ့ပဲ မတင်ဖြစ်လိုက်၊ ကိုယ့်ကိုယ်ကို မကျေမနပ်ဖြစ်ပြီး နောက်တရက် ရောက်သွားလိုက်နဲ့၊ ဒီနေ့တော့ အသစ်မတင်ဖြစ်ရင်တောင် ရေးထားခဲ့ဖူးပြီးသား အဟောင်းလေးတွေ ပြန်တင်ရင်လည်း မဆိုးပါဘူးဆိုပြီး ဘလော့ဂ်လေးကို သေချာကြည့်လိုက်တော့မှ နောက်ဆုံး တင်ခဲ့တဲ့ ပို့စ်ကနေဆိုရင် တလကျော်တောင် ကြာသွားတာပဲ။ ရှက်လိုက်တာဆိုတာ။ စတုန်းကတော့ မိုးလားကဲလား၊ မီးကိုစတွေ့ခဲ့တဲ့ ကမ္ဘာဦးလူသားလို … တော်ပါသေးတယ်လေ၊ ဒီဘလော့ဂ်လုပ်နေတယ်ဆိုတာ လူအများကြီး မသိသေးလို့။
အခုလည်း နဂို စိတ်ကူးအတိုင်းပါပဲ။ အသစ်မရေးဖြစ်သေးတဲ့အတူတူ အဟောင်းပဲ တင်လိုက် ပါတယ်။ ၂၀၀၇ တုန်းကဆိုတော့ သိပ်အဟောင်းကြီးတော့လည်း မဟုတ်သေးပါဘူး။ အဟောင်းတွေတင်မယ်ဆိုတော့လည်း ကဗျာကိုပဲ အရင်တင်ချင်ပြန်တယ်။ ဒါနဲ့ ရေးထားပြီးသား ကဗျာတွေထဲက စကာတင်လိုက်ရွေးတော့ ကြိုက်တာ တခုမှကို မတွေ့ဘူး။ ကိုယ်ရေးတဲ့အချိန်က ဖတ်ခဲ့ရတဲ့ပရိသတ်တွေကို အားတောင်နားမိတယ်၊ ကိုယ့်ဟာကိုယ် လည်း ရှက်စိတ်ဝင်မိတယ်။ နောက်တော့ ဘယ်မှာပါထားဖူးပြီးသားဆိုတဲ့ အောက်ခြေမှတ်စု မပါတဲ့ ကဗျာတပုဒ်ကို သွားတွေ့တယ်။ ၂၀၀၇ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့က ရေးခဲ့တဲ့ကဗျာ။
မိဘဆိုတာ ကိုယ့်သားသမီးကို ကောင်းကောင်း ဆိုးဆိုး ကျိုးကျိုး ကန်းကန်း ချစ်တာပဲတဲ့။ ကိုယ်ရေးခဲ့တာပဲ၊ ခုချိန်မှာ ကြိုက်ကြိုက် မကြိုက်ကြိုက် ကိုယ်ရေးခဲ့တယ်ဆိုတာကိုတော့ လက်ခံရမှာပဲ။ လာတဲ့သူတွေကို အကောင်းစားလေးတွေနဲ့ ဧည့်မခံနိုင်တဲ့အတွက်တော့ ၀မ်းနည်းပါတယ်။

“လောက ကောင်းကင် ပင်လယ် ချစ်ခြင်း”
• ချစ်တယ် … သိပ်ချစ်တယ် …
လောကဟာ ချစ်စရာကွဲ့
သိပ်ကိုချစ်တယ်။
• အဲဒီလိုနဲ့ပဲ …
မနူးမနပ်ကောင်လေးတယောက်
ချစ်ခြင်းရဲ့အနုပညာကို
ရှာဖွေခဲ့သတဲ့ကွယ်။

• တခါတခါ ကောင်းကင်ဟာ ပြာ
တခါတခါ မပြာ့တပြာ
တခါတခါကျတော့
မွဲပြာ။
• မဟုတ်သေးဘူးဗျာ
ခင်ဗျားဟာ ကျနော့်အပေါ်မှာရှိတာ
ပြာမယ်ဆိုပြာ ၀ါမယ်ဆိုဝါ
မပြာ့တပြာ မ၀ါ့တ၀ါ
ခင်ဗျား မဟုတ်က ဟုတ်က မလုပ်ပါနဲ့ဗျာ။
• တခါတလေကျ ပင်လယ်က နုရွ
တခါတလေကျတော့ ထကြွ
ဆူနာမီတဲ့ နားမလည်နိုင်စရာ
ပင်လယ်ပြာ။
• မဟုတ်သေးဘူးဗျာ
ခင်ဗျားဟာ ပင်လယ်ပါ
ကျယ်ပြောကာ လှပတာ
ဘာကြောင့် ခုလိုရက်စက်
ခင်ဗျားမို့ လုပ်ရက်လေတာ။

• ချစ်တယ် … သိပ်ချစ်တယ် …
လောကဟာချစ်စရာကွဲ့
သိပ်ကိုချစ်တယ်။
• ဒီလိုနဲ့ပဲ
မနူးမနပ်ကောင်လေးတယောက်
ချစ်ခြင်းရဲ့အနုပညာကိုရှာဖွေရင်း
မိုးလင်းခဲ့သတဲ့ကွယ်။ ။

ဒီကဗျာကို ရေးခဲ့တဲ့အချိန်က ဘယ်လို လှုံ့ဆော်မှုနဲ့ရေးဖြစ်ခဲ့တယ်ဆိုတာကို ပြန်စဉ်းစားကြည့် တော့ စဉ်းစားလို့ကို မရတော့ဘူး။ အင်းလေ … အဲဒီလှုံ့ဆော်မှုဆိုတာကလဲ တကယ့်အစစ် ဟုတ်ချင်မှ ဟုတ်မှာကိုး။
ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ ကျေနပ်စရာတခုရပါတယ်။
ဘလော့ဂ်မှာ ပို့စ်အသစ် တင်နိုင်လို့ပါ။

No comments:

Post a Comment